HOTLINE NUMBER: +9567411148 EMAIL US:info@hrh.gov.mm Facebook Web Mail

သမိုင်းအကျဉ်းချုပ်

 

၁။      ၁၉၂၃-၂၄ခုနှစ်တွင် ကာလကတ္တားတက္ကသိုလ်လက်အောက်ခံ ဆေးကောလိပ်တစ်ခုကို ယခုမြို့မ ကျောင်းလမ်းရှိ ဆေးတက္ကသိုလ်(၁)ရန်ကုန်တည်နေရာတွင် စတင်ဖွင့်လှစ်ပြီး အမ်ဘီဘီအက်စ်ဘွဲ့ကို ပေးအပ်ခဲ့ပါသည်။

၂။       ၁၉၃၀ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်လက်အောက်ခံ ဆေးကောလိပ်တစ်ခုဖြစ်လာပြီး ရန်ကုန် တက္ကသိုလ် ဒုတိယအဓိပတိက ဥက္ကဌအဖြစ်ဆောင်ရွက်၍ ဆေးရုံအုပ်ကြီးက ဒုတိယဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်သည့် စီမံခန့်ခွဲရေးအဖွဲ့ လက်အောက်တွင်ရှိခဲ့ပါသည်။

၃။      ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးနောက် ၁၉၄၆ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ကို ပြန်လည်ဖွဲ့စည်းရာတွင် ဆေးကောလိပ်ကို ရန်ကုန်တက္ကသိုလ်လက်အောက်ခံ ဆေးပညာမဟာဌာန(Faculty of Medicine)အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။

၄။      ၁၉၅၄ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင် မန္တလေး၌ ရန်ကုန်တက္ကသိုလ် ဆေးပညာမဟာဌာန၏ ဆေးအတက်သင်သိပ္ပံမဟာဌာနခွဲ၊မန္တလေး (Branch Medical Faculty Mandalay)ကို ဖွင့်လှစ်ခဲ့ပြီး ၁၉၅၈ခုနှစ်တွင် မန္တလေးတက္ကသိုလ်၊ဆေးပညာမဟာဌာနအဖြစ် သီးခြားဖွင့်လှစ်ခဲ့ပါသည်။

၅။      ၁၉၆၃ခုနှစ်တွင်၊ မင်္ဂလာဒုံ၌ ရန်ကုန်တက္ကသိုလ်၏လက်အောက်ခံ ဆေးပညာမဟာဌာနအမှတ်(၂)ကို ဖွင့်လှစ်ခဲ့ပါသည်။

၆။      ၁၉၆၄ခုနှစ်တွင် တက္ကသိုလ်ပညာရေးဥပဒေကိုပြဌာန်းခဲ့ပြီး ဆေးပညာမဟာဌာန(၃)ခုကို ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ဆေးတက္ကသိုလ်၊မန္တလေးနှင့် ဆေးတက္ကသိုလ်(၂)ရန်ကုန်အဖြစ် အဆင့်တိုးမြှင့် သတ်မှတ်ခဲ့ပါသည်။ ထိုနှစ်၌ပင် ရန်ကုန်မြို့၌ သွားဘက်ဆိုင်ရာဆေးကောလိပ်ကို ဖွင့်လှစ်ခဲ့ပါသည်။

၇။      ၁၉၆၄ခုနှစ် ဘွဲ့လွန်ဆေးပညာသင်တန်းများ စတင်ဖွင့်လှစ်ခဲ့ပြီး ဆေးတက္ကသိုလ်(၁)ရန်ကုန်၌ မေ့ဆေးပညာဒီပလိုမာသင်တန်းနှင့် စတင်ခဲ့ပါသည်။

၈။      ၁၉၆၇ခုနှစ်တွင် မဟာသိပ္ပံသင်တန်းများစတင်ဖွင့်လှစ်ခဲ့ရာ ဆေးတက္ကသိုလ်၊မန္တလေး၌ ဆေးပညာ မဟာသိပ္ပံ(ဇီဝကမ္မဗေဒ)သင်တန်းနှင့် စတင်ခဲ့ပါသည်။

၉။      ၁၉၇၁ခုနှစ်တွင် ဆေးပညာဘွဲ့လွန်ဒီပလိုမာသင်တန်း(၈)ခုနှင့် ဆေးပညာမဟာသိပ္ပံဘွဲ့လွန် သင်တန်း(၅)ခု စုစုပေါင်း(၁၃)ခုရှိရာ ၎င်းသင်တန်းများကို စနစ်တကျကြီးကြပ်ကွပ်ကဲနိုင်ရန် ဘွဲ့လွန် ဆေးပညာသင်တန်းများ ညွှန်ကြားရေးမှူးရုံးကို ရန်ကုန်မြို့အမှတ်(၅၆)၊ ဦးဝိစာရလမ်း၌ ဖွင့်လှစ်ခဲ့ပါသည်။

၁၀။    ၁၉၇၃ခုနှစ်တွင် ဆေးတက္ကသိုလ်(၂)ရန်ကုန်၌ ဘွဲ့လွန်ဆေးပညာသင်ကြားရေးကို ဆေးပညာမဟာသိပ္ပံ (ခန္ဓာဗေဒ)နှင့် (ဇီဝကမ္မဗေဒ)သင်တန်းများနှင့် စတင်ဖွင့်လှစ်သင်ကြားခဲ့ပါသည်။

၁၁။    ၁၉၇၃ခုနှစ်တွင် မြန်မာနိုင်ငံတော်အစိုးရသည် ၁၉၆၄ခုနှစ် တက္ကသိုလ်ပညာရေးဥပဒေကို ရုပ်သိမ်းခဲ့ပြီး ၁၉၇၃ခုနှစ်တွင် တက္ကသိုလ်ပညာရေးဥပဒေကို ခေတ်စနစ်နှင့်အညီ ပြန်လည်ရေးဆွဲပြဌာန်းခဲ့ပါသည်။

၁၂။     ၁၉၇၃ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှစ၍ ပြင်ဆင်ပြဌာန်းခဲ့သည့် ဥပဒေနှင့်အညီ ဆေးတက္ကသိုလ် များ၊ သွားဘက်ဆိုင်ရာဆေးကောလိပ်နှင့် ဘွဲ့လွန်ဆေးပညာသင်တန်းများ ညွှန်ကြားရေးမှူးရုံးကို ပညာရေး ဝန်ကြီးဌာနလက်အောက်မှ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်သို့ လွှဲပြောင်းပေးခဲ့ပြီး ဆေးပညာ သင်ကြားရေးဦးစီးဌာနအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။

၁၃။    ၁၉၇၄ခုနှစ်တွင် ဆေးပညာဦးစီးဌာနဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး ဆေးတက္ကသိုလ်များနှင့် ဘွဲ့လွန် ဆေးပညာသင်တန်းများ၏ စီမံခန့်ခွဲရေးနှင့်သင်ကြားရေးကိစ္စများကို တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။

၁၄။    ၁၉၇၄ခုနှစ်တွင် သွားဘက်ဆိုင်ရာဆေးကောလိပ်ကို သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ဖွဲ့စည်းခဲ့ပြီး သွားကျန်းမာရေးဆရာမသင်တန်းကျောင်း(၁)ကျောင်းနှင့် သွားတုလုပ်ငန်း ကျွမ်းကျင်မှုသင်တန်းကျောင်း(၁)ကျောင်းတို့မှာ တက္ကသိုလ်၏ Affiliated School အဖြစ်ရှိခဲ့ပါသည်။ သွားကျန်းမာရေးဆရာမသင်တန်းကျောင်းကို သွားကျန်းမာရေးသူနာပြုစုမှုပညာဌာနအဖြစ် သူနာပြု တက္ကသိုလ်၊ရန်ကုန်၏ ဖွဲ့စည်းပုံကို(၂၀၀၂)ခုနှစ်တွင် ထည့်သွင်းဖွဲ့စည်းခဲ့ပြီး သွားတုလုပ်ငန်းကျွမ်းကျင်မှု သင်တန်းကျောင်းကို သွားတုလုပ်ငန်းကျွမ်းမှုသင်တန်းဌာနအဖြစ် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ ရန်ကုန်၏ဖွဲ့စည်းပုံသို့ (၂၀၀၅)ခုနှစ်တွင် ထည့်သွင်းဖွဲ့စည်းခဲ့ပါသည်။

၁၅။    ၁၉၈၈ခုနှစ်မတိုင်မီက ဆေးပညာဦးစီးဌာနအောက်တွင် ဆေးတက္ကသိုလ်(၃)ခုနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(၁)ခု၊ စုစုပေါင်းတက္ကသိုလ်(၄)ခုသာရှိခဲ့ပါသည်။ လက်ထောက်ကျန်းမာရေးမှူးသင်တန်း ကျောင်း(၁)ကျောင်း၊ ဆေးဘက်ပညာသည်ကျောင်း(၁)ကျောင်း၊ သူနာပြုသင်တန်းကျောင်း(၆)ကျောင်းနှင့် သားဖွားသင်တန်းကျောင်း(၁၆)ကျောင်းမှာ ကျန်းမာရေးဦးစီးဌာနအောက်တွင် ရှိခဲ့ပါသည်။

၁၆။    ကျန်းမာရေးလုပ်သားလေ့ကျင့်မွေးထုတ်ခြင်း လုပ်ငန်းတစ်ခုလုံးကို ပြည့်စုံစွာစီမံကိန်းချ ဆောင်ရွက်နိုင်ရန် ၁၉၈၉ခုနှစ်၊ သြဂုတ်လ(၃၀)ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုမြန်မာနိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃၇/၈၉) သဘောတူဆုံးဖြတ်ချက်အရ ဆေးပညာဦးစီးဌာနသို့ ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ပြည်တွင်းလေ့ကျင့်ရေးဌာနခွဲကို ပူးပေါင်းလျက် ကျန်းမာရေးလုပ်သားအင်အားဦးစီးဌာနအဖြစ် ၁၉၈၉ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့တွင်ပြောင်းလဲ ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။

၁၇။    ၁၉၉၀ပြည့်နှစ် ဇန်နဝါရီလတွင် ကျန်းမာရေးလုပ်သားအင်အားဦးစီးဌာနကို အမှတ်(၅၆)၊ ဦးဝိစာရလမ်းမှ အမှတ်(၃၀၆)ပြည်လမ်းသို့ ပြောင်းရွှေ့ခဲ့ပါသည်။

၁၈။    ၂၅-၉-၁၉၉၆ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ အစည်းအဝေး ၉၂/၉၆ မှ သဘောတူခွင့်ပြုချက်အရ ကျန်းမာရေးလုပ်သားအင်အားဦးစီးဌာနအား ဆေးသိပ္ပံပညာဦးစီးဌာန (Department of Medical Science) အဖြစ် အမည်ပြောင်းလဲသတ်မှတ်ခေါ်ဝေါ်ပါသည်။

၁၉။    ၁၉၉၈ခုနှစ်တွင်ရုံးအဆောက်အဦးကိုအမှတ်(၃၀၆)ပြည်လမ်းမှ လသာမြို့နယ် ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ရှိ ယခင်သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ ရန်ကုန်နေရာသို့ ပြောင်းရွှေ့ ခဲ့ပါသည်။

၂၀။     ၂၀၀၅ခုနှစ်၊နိုဝင်ဘာလတွင် ရုံးအဆောက်အဦကို နေပြည်တော်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄)သို့  ပြောင်းရွှေ့ခဲ့ပါသည်။

၂၁။     (၁၅-၁-၂၀၁၅)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၅)မှ သဘောတူခွင့်ပြုချက်အရ ဆေးသိပ္ပံပညာဦးစီးဌာနအား ဆေးဘက်ဆိုင်ရာလူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စီမံခန့်ခွဲရေးဦးစီးဌာန (Department of Health Professional Resource Development and Management) အဖြစ် အမည် ပြောင်းလဲသတ်မှတ်ခေါ်ဝေါ်ခဲ့ပါသည်။   

၂၂။      (၂၀-၁၀-၂၀၁၆) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၄/၂၀၁၆)မှ သဘောတူခွင့်ပြုချက်အရ ဆေးဘက်ဆိုင်ရာလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဦးစီးဌာနအား ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန (Department of Human Resource for Health)အဖြစ် ပြောင်းလဲသတ်မှတ်ခေါ်ဝေါ်ခဲ့ပါသည်။

၂၃။     လက်ရှိအချိန်တွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်တွင် ဆေးတက္ကသိုလ်နှင့် နှီးနွှယ်တက္ကသိုလ်(၁၅)ခု၊ သူနာပြု၊သားဖွား၊နှီးနွှယ်သင်တန်းကျောင်း(၅၀)ကျောင်းရှိပြီး ဘွဲ့ကြိုသင်တန်းများ နှင့် ဆေးဘက်ဆိုင်ရာဘွဲ့လွန်ဒီပလိုမာသင်တန်း(၁)ခု၊ ဆေးဘက်ဆိုင်ရာမဟာသိပ္ပံသင်တန်း(၅၈)ခု၊ ပါရဂူဘွဲ့ သင်တန်း(၁၄)ခု၊ ဆေးလက်တွေ့ပါရဂူဘွဲ့သင်တန်း(၄၃)ခုတို့ကို ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိပါသည်။

 
 

More Tags